ဇော်ဂျီဖြင့်သာ ပို့ပါရန် (သို့) မြန်မာဖောင့်များနှင့် ယောင်ချာချာကျွန်တော်
ရှေ့ဆုံးမှာ နောက်ဆုံးပြောချင်တာကတော့ ကျွန်တော့ထံ စာပို့လျှင် ဇော်ဂျီဖြင့်သာ ပို့ပါရန်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လူတော်တွေ တော်တော်ပေါများပါတယ်။ ဘယ်လောက်များပေါလဲဆို။ တစ်ယောက်တစ်ပေါက် တီထွင်ဖန်တီးထားတဲ့ မြန်မာဖောင့်တွေကို ကြည့်ရင်သိနိုင်ပါတယ်။ မြန်မာဖောင်တွေ ဘယ်လောက်တောင်များလဲဆို ၃၅ခုတောင်ရှိပါတယ်။ ဒါတောင် ကျွန်တော်က သူများ 8.6.2008 က စာရင်းလုပ်ထားတာကို ကြည့်ပြီးပြောတာပါ။ ဝင်းမြန်မာကထုတ်တဲ့ဖောင့်က ၃၁ ခု၊ မြန်မာအန်အယ်လ်ပီကထုတ်တဲ့ဖောင့် ၃ခု နဲ့ နောက်ဆုံးကတော့ ဇော်ဂျီပါ။ဒါတောင် ရှိရှိသမျှမြန်မာဖောင့်တွေ အပြည့်အစုံအကုန်လုံးမပါသေးပါဘူး။
ကျွန်တော်သိရသလောက်ပြောရရင် မြန်မာဖောင့်တွေကို ဝင်းမြန်မာက စထုတ်တာပါ။ ဝင်းအင်းဝက ပထမဆုံး မြန်မာဖောင့်လို့ထင်ပါတယ်။ စာရိုက်လက်ကွက် အခက်အခဲကြောင့် ကျွမ်းကျင်သူနည်းပြီး အသုံးသိပ်မတွင်ခဲ့ပါဘူး။ ဒါပေမယ့်နောက်ပိုင်းမှာတော့ တော်တော်လေး အဆင်ပြေလာပြီး ဝင်းရီဆာချာဖောင့်ဟာ ရုံးသုံးအထိဖြစ်လာခဲ့ပါတယ်။ ဒါက ကျွန်တော်သိတဲ့ မြန်မာဖောင့် အစပါ။
ဒိနောက်ပိုင်း ကျွန်တော် ကျောင်းစာရယ် ဂိမ်းရယ်နဲ့ပဲ နပန်းလုံးနေပြီး မြန်မာဖောင့်ရဲ့ တိုးတက်မှု ဆုတ်ယုတ်မှုကို ဘာဆိုဘာမှ မသိခဲ့ပါဘူး။ ၂၀၀၅ ဒီဇင်ဘာမှာ တကယ့်ကွန်ပျူတာလောကထဲ ခြေစုံပစ်ဝင်ခဲ့ပါတယ်။ မှတ်တမ်းအရ ဇော်ဂျီဖောင့်ဟာ ၂၀၀၅ နိုဝင်ဘာမှာ ဖြန့်ချီခဲ့တာပါ။ ကျွန်တော့လုပ်သက်ထက် တစ်လသာကြီးတဲ့ ဇော်ဂျီဖောင့်ဟာ ၃နှစ်အတွင်း ကမ္ဘာသုံးမြန်မာဖောင့်ဖြစ်ခဲ့ပါတယ်။ ဘာကြောင့် ကမ္ဘာသုံး လို့ ကျွန်တော်သုံးနှံးရလဲဆိုရင်တော့ ကမ္ဘာနိုင်ငံအနှံအပြားကိုရောက်နေတဲ့ မြန်မာလူမျိုးတော်တော်များများက(အားလုံးနီးနီးပါပဲ) ဇော်ဂျီဖောင့်ကို အသုံးပြုပြီး စာရေးသားခြင်း ဘလော့လုပ်ခြင်း စတာတွေလုပ်လာကြလို့ပါပဲ။ ခုလက်ရှိအချိန်မှာ မြန်မာလိုစာပို့ရင် "ဟဲ့ ငါ့မှာ ဇော်ဂျီပဲရှိတယ် ဇော်ဂျီနဲ့ရေး"လို့ ပြောရလာက်အောင် စံတစ်ခုဖြစ်နေတာ ဘယ်သူမှငြင်းလို့မရပါဘူး။
ဒီမှာ ဘာပြဿနာ ပေါ်လာလဲဆိုရင် ယူနီကုတ် နဲ့ တိုင်းရင်းသားဘာသာစကားပါ။ ဇော်ဂျီဟာ ယူနီကုတ်မဟုတ်ဘူး၊ တိုင်းရင်းသားဘာသာစကား မရတဲ့အတွက် ဘာညာဘာညာဆိုတဲ့ အသံတွေညံလာပါတယ်။ ကျွန်တော်လုံးလုံးနားမလည်ပါဘူး။ ယူနီကုတ်မဟုတ်တာနဲ့ ၊ တိုင်းရင်းသားဘာသာစကား မရတာနဲ့ အင်မတန် အသုံးပြုရကောင်းပြီး ရင်းနှီးကျွမ်းဝင်နေတဲ့ အရာတစ်ခုကနေ လုံးလုံး အဆင်မပြေတဲ့ အသစ်တစ်ခုကို ကျွန်တော်တို့ပြောင်းလိုက်ရမှာလား။
ဝင်းမြန်မာဟာ တိုင်းရင်းသားဘာသာစကားရိုက်လို့ရတဲ့ ဖောင့်တွေ ထုတ်လုပ်ထားပါတယ်။ ဒီလိုလုပ်နိုင်ဖို့ သူတို့ နှစ်ပေါင်းများစွာ ကျွန်တောမှန်းတာမှန်မယ်ဆိုရင် မနည်းဆုံး ၇နှစ် ၈နှစ် အချိန်ယူပြီးမှ ဒီဖောင့်တွေကို သူတို့ ရေးသားတီတွင်နိုင်တာပါ။ ဇော်ဂျီဟာ ၃နှစ်ပဲရှိပါသေးတယ်။ တိုင်းရင်းသားဘာသာစကားအသုံးပြုလို့မရလို့ မသုံးရဘူး ပယ်တယ်ဆိုရင် ဝင်းမြန်မာဖောင့်တွေဟာ ဒီကနေ့ ရှိမှာ မဟုတ်တော့ပါဘူး။
ဘာသာစကားတစ်ခုကို လေ့လာတယ်ဆိုတာ တော်တော်လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ ကျွန်တောတို့ သူငယ်တန်းကနေ ဘွဲ့ရတဲ့အထိ အင်္ဂလိပ်စာသင်လာတာ ဘွဲ့ရဘယ်နှစ်ယောက်များ အင်္ဂလိပ်စာကို ဝါကျအထားအသိုမှန်မှန် သင်္ဒါမှန်မှန် စာလုံးပေါင်းမှန်မှန် ရေးနိုင်လို့လဲ။ ကျွန်တော်မရေးနိုင်ပါဘူး ဒါအမှန်ပါ။
မြန်မာစာဟာ အင်္ဂလိပ်စာထက်ပို ခက်ပါတယ်။ အင်္ဂလိပ်စာမှာ အေဘီစီဒီသိရင် စာလုံးပေါင်းသိရင် ရိုးရိုး ဝါကျတော့ ဖွဲ့လို့ရပါတယ်။ မြန်မာစာမှာ မရပါဘူး။ တိုင်းရင်းသားဘာသာစကားတွေဆို ပိုပြီးတောင်ဆိုးဦးမှာပါ။ ဘာကြောင့်ဆိုတော့ တတ်ကျွမ်းသူနည်းလို့ပါ။ ပြောတတ်ဦးတော့ မရေးတတ်ပါဘူး။
ကျွန်တော့မှာ မွန်မိတ်ဆွေ ရခိုင်မိတ်ဆွေတွေရှိပါတယ်။ ကျွန်တော့ဦးလေးမိန်းမ ကျွန်တော့အဒေါ်ဟာ ရှမ်းပါ။ ဒါပေမယ့် သူတို့အားလုံး စာရေးရင် မြန်မာလိုပဲရေးပါတယ်။ ဘယ်သူမှ မွန် ရခိုင် ရှမ်းလို မရေးပါဘူး။
ကျွန်တော်သိသလောက်ပြောရရင် ဖောင့်တီထွင်ရခြင်းရဲ့ ရည်ရွယ်ချက်က မိမိနိုင်ငံရဲ့ ရုံးသုံးဘာသာစကားကို ကွန်ပျူတာမှာ အသုံးပြုလို့ရအောင်ပါ။ မြန်မာနိုင်ငံရဲ့ရုံးသုံးဟာ မြန်မာစာပါ။ အိန္ဒိယနိုင်ငံလိုမျိုး ရုံးသုံးဘာသာစကား ၉မျိုးလောက်ရှိရင်တော့ တမျိုးပေါ့။ ကွန်ပျူတာတီထွင်တဲ့ အမေရိကန်နိုင်ငံမှာတောင် အင်ဒီးယန်းလူနီဘာသာစကားအတွက် ဖောင့်ရေးတယ်လို့ မကြားမိပါဘူး။ ဒါကြောင့် ဇော်ဂျီဖောင့်ဟာ တိုင်းရင်းသားဘာသာစကား မရဘူးဆိုပြီး ဝူးဝူးဝါးဝါး မလုပ်သင့်ပါဘူး။ မြန်မာစာဖောင့်ကို ပြီးပြည့်စုံအောင်လုပ်ပြီးမှ တိုင်းရင်းသားဘာသာစကားတွေကို တဖြေးဖြးလေ့လာပြီး တီတွင်လို့ရပါတယ်။ အလှမ်းကျယ်ရင် အလယ်လတ်ပြီး အကျမတော်ဖြစ်တတ်ပါတယ်။ သည်းခံစောင့်ဆိုင်းခြင်းဟာ မြန်မာတွေနဲ့ အစိမ်းသက်သက်မဟုတ်ပါဘူး။ ဒါကြောင့် ခဏစောင့်ကြပါ အပြစ်တင်မစောပါနဲ့လို့ ကျွန်တော် တောင်းဆိုချင်ပါတယ်။
နောက်တစ်ခုက ယူနီကုတ်ပါ။ ဒါဟာပြဿနာ မဟုတ်ပြဿနာရှာတာပါ။ ယူနီကုတ်မဟုတ်ရင် ဟုတ်အောင်လုပ်ပေါ့။ မဟုတ်လို့ မသုံးရဘူးလို့တော့ မလုပ်နဲ့လေ။ ခုရှိတဲ့ ယူနီကုတ်ကရော ဘယ်လောက်များကောင်းနေလို့လဲ။ ကျွန်တော့ရုံးကနေ စာတစ်စောင် မေးလ်နဲ့ပို့လိုက်တာ ခုထိဖတ်လို့မရသေးဘူး။ ရှိရှိသမျှ မြန်မာဖောင့်လဲ သွင်းပြီးသွားပြီ။ ဘယ်ဖောင့်လဲလို့ မမေးနဲ့။ ရုံးကပို့တဲ့စာဆိုတော့ ရုံးစာ။ ရုံးစာဆို ရုံးဖောင့်သုံးမှာပေါ့။ ကိုယ့်ဖာသာကိုယ်သာ စဉ်းစားကြည့်။ ကျွန်တော့ ညီမလေး ပို့တဲ့စာဆို ဝင်းရီဆာချာဖောင့်သွင်းပြီးတာတောင် အချိုးကမပြေချင်ဘူး။ ညီမဆိုတော့ ဇော်ဂျီနဲ့ ပြန်ပို့ခိုင်းလိုက်တယ်။ ရုံးကစာကတော့ မရတဲ့ အဆုံးမှပဲ တောင်းပန်ပြီး ပြန်ပို့ခိုင်းရမှာပေါ့။
တကယ်တော့ ဒီပြဿနာတွေအားလုံးဟာ ကိုယ့်ထက်သာ မနာလိုလို့ဖြစ်နေတာပါ။ ကျွန်တော်တို့မြန်မာတွေဟာ ကျွန်တော်အပါအဝင် တော်တော် အတ္တကြီးကြပါတယ်။ ငါမှငါ ငါ့ဟာမှ အကောင်းထင် ကျန်တာ ဖွဲဆန်ကွဲ ဖြစ်နေကြတယ်။ ဖွဲဆန်ကွဲလဲ ဖွဲဆန်ကွဲအလျောက်တော့ အသုံးဝင်ပါတယ်။ မတူဘူးမတန်ဘူးလို့တော့ မပြောသင့်ပါဘူး။ တီထွင်သူအမြင်ကနေပဲကြည့်မနေပဲ အသုံးပြုသူဘက်ကပါကြည့်သင့်ပါတယ်။
မြန်မာဖောင့်တွေ ပွထနေအောင်တစ်ယောက်တစ်ခု တီတွင်နေမယ့်အစား လက်ရှိထဲက အကောင်းဆုံး အသင့်တော်ဆုံးတစ်ခုကို ရွေးထုတ်ပြီး ပြီးပြည့်စုံအောင်လုပ်သင့်ပါတယ်။ ဒါမှ နိုင်ငံတကာအသိအမှတ်ပြု မြန်မာဖောင့်ဆိုတာ ပေါ်လာမှာပါ။ ပြီးပြည့်စုံတဲ့မြန်မာဖောင်ဟာ ပြည်တွင်းပညာရှင်တွေကရော ပြည်ပပညာရှင်တွေကရော အသုံးပြုသူအားလုံးကပါ တညီတညွတ်ထဲ လက်ခံမှသာ ပြီးပြည့်စုံမှာပါ။
ရေးသူ
ဘာကောင်မှမဟုတ်သော မလောက်လေးမလောက်စား ငတိ