ရေးချင်တာ ရေး... ရေးပြီး မုန့်ကျွေး... :P


Monday, October 5, 2009

ကုဋေတစ်သိန်းတန်သော ခရီး

အနာထပိဏ် သဌေးကြီးဟာ ဗုဒ္ဓဘုရားကို ဖူးမျှော်ချင်တဲ့ စိတ်ကြောင့် ကိုယ်ရောင်ကိုယ်ဝါတွေ တောက်ပလာပါတယ်တဲ့။ ကိုယ်ရောင်ကြောင့် မနက်မိုးလင်းပြီထင်ပြီး ဘုရားရှိရာကို သွားတဲ့လမ်းမှာ သချိုင်းကို ဖြတ်တော့ အပုတ်နံ့ကြောင့် ညပဲဆိုတဲ့ အသိဝင်လာပြီး နောက်လှည့်ပြန်ဖို့ လုပ်ပါသတဲ့။ ဒီအခါမှာ နတ်မင်းကြီးက 'သဌေးကြီး၊ သင်ရှေ့ဆက်သွားရင် သင့်ခြေလှမ်းတိုင်းဟာ ကုဋေ တစ်သန်းမကတန်ပါတယ်။ နောက်ပြန်လှည့်ရင်တော့ တစ်ပြားမှ တန်မှာ မဟုတ်ပါဘူး' လို့ သတိပေး စကားပြောလိုက်တော့ အနာထပိဏ်သဌေးလဲ ရှေ့ဆက်သွားပြီး နောက်ဆုံး ဘုရားကို ဖူးမျှော်ခဲ့ရပါတယ်။

ဒါကတော့ မဟာဗောဓိစေတီတော်ကို လိုက်ပို့ရှင်းပြတဲ့ ဘုန်းဘုန်းပြောပြတဲ့ တရားပါ။ ဘုန်းဘုန်းစကားကို နားထောင်ပြီး စိတ်ထဲမှာ အင်း ငါတို့ကတော့ ကိုယ်ရောင်ကိုယ်ဝါတော့ မတောက်ဘူး ဒါပေမယ့် ကုဋေတစ်သန်းတန်တယ်လို့ တွေးမိပါတယ်။

ကျွန်တော်တို့ နှစ်ယောက် ဂါယာကို ဒုက္ခမျိုးစုံ ကို ဖြတ်ကျော်ပြီးလာရတာပါ။ အိန္ဒိယနိုင်ငံရဲ့ ရုံးပိတ်ရက် ခရီးသွားရက်တွေနဲ့တိုက်နေလို့ လက်မှတ်ကို မရမက လိုက်ဝယ်ရတဲ့ ဒုက္ခ၊ ဒေလီ-ဂါယာ ရထားက ၅နာရီတောင် နောက်ကျလို့ ရထားပေါ်မှာ လိမ်ပိန် နေရတဲ့ ဒုက္ခ၊ ဂါယာကနေ ဒေလီပြန်ဖို့ တစ်ညလုံး မအိပ်ဘဲ ည ၂နာရီ ရထားစောင့်စီးရတဲ့ဒုက္ခ။ ဒီဒုက္ခတွေပေါင်းလိုက်ရင် အနာထပိဏ် သဌေးကြီး ရဲ့ ခြေတစ်လှမ်း ကုဋေတစ်သန်းကို အသာလေးမှီပါတယ်။ ဒီဒုက္ခတွေနဲ့ တန်အောင်လဲ သီတင်းကျွတ်လပြည့်နေ့မှာ မဟာဗောဓိပင်နဲ့ သတ္တဌာန ၇ နေရာလုံးကို ဖူးခဲ့ရပါတယ်။

ဗုဒ္ဓဂါယာဟာ ဂါယာမြို့ကနေ နာရီဝက်လောက် ကားမောင်းသွားရတဲ့ နေရာမှာ ရှိပါတယ်။ ဂါယာမြန်မာ ဘုန်းကြီးကျောင်းကနေ ၁၀မိနစ်လောက် လမ်းလျှောက်သွားရင် မဟာဗောဓိစေတီတော်ဝန်းထဲကို ရောက်ပါတယ်။ နေသဉ္ဗာမြစ်ရေလျှံရင် စေတီတော်ထဲ ရေဝင်မှာစိုးလို့ ကုန်းတော်ကို မြေဖို့ထားတဲ့အတွက် စေတီတော်က ချိုင့်ဝှမ်းထဲ့မှာ လိုလိုဖြစ်နေပါတယ်။ စေတီတော်ရှိရာ ဝန်းတဲကို ဝင်ဝင်ချင်း လှေကား ဒုတိယအဆင့်မှာ အာသောကမင်းကြီးရဲ့ ကျောက်တိုက်ကို တွေ့ရမှာပါ။ သတ္တဌာနထဲက တစ်နေရာ ဖြစ်တဲ့ ညောင်ပင်ကြီးရှိခဲ့ရာနေရာပါ။ ခုတော့ ညောင်ပင်ကြီးပျောက်သွားပြီး အထိမ်းအမှတ်ကျောက်တိုင်ပဲ ကျန်တော့ပါတယ်။ မဟာဗောဓိစေတီတော်ဟာ အိန္ဒိယနိုင်ငံအဝှမ်းမှာရှိတဲ့ ပုံစံတူ စေတီတွေမှာ လက်ရာအမြောက်ဆုံးလို့ဆိုပါတယ်။

မိုးရွာထားလို့ အပြင်မှာအေးပေမယ့် စေတီတော်ထဲမှာတော့ လေလုံပြီး တော်တော်ပူပါတယ်။ ဒါနဲ့ လူများတာကော ပူတာကော ရောပြီး စေတီထဲမှာ ကြာကြာမနေပဲ ထွက်ခဲ့လိုက်တယ်။ နောက်ဆုံး သတ္တဌာနဖြစ်တဲ့ သရက်ဖြူပင်ကိုရောက်တော့ ဘုန်းဘုန်းက ဒီနေရာဟာ တဖုဿနဲ့ ပါလိက မြန်မာကုန်သည်နှစ်ဦး ဘုရားရှင်ကို ဆွမ်းကပ်ခဲ့တဲ့ နေရာဖြစ်ကြောင်းနဲ့ ဦးငါးဦးရခဲ့တဲ့ နေရာဖြစ်ကြောင်းရှင်းပြပါတယ်။ ကျွန်တော်တို့ကလဲ ဗဟုသုတကြွယ်ဝကြတာဆိုတော့ ဦးငါးဦးဆိုတာ ဘာမှန်းမသိကြဘူး။ ဒီလိုတော်တာ။ ဘုန်းဘုန်းရှင်းပြမှပဲ ဦးငါးဦး ဆိုတာဟာ ပထမဦးဆုံး ဗုဒ္ဓဘုရားရှင်ကို ဖူးခွင့်ရတာ၊ ပထမဦးဆုံး ဆွမ်းကပ်ခွင့်ရတာ၊ ပထမဦးဆုံး သရဏဂုံတည်တာ၊ ပထမဦးဆုံး ဆံတော်ချီးမြင့်ခြင်းခံရတာ၊ ပထမဦးဆုံး စေတီတည်ခွင့်ရတာ(ရွှေတိဂုံစေတီတော်) ဆိုတာသိခဲ့ရတယ်။
သိပြီးမှ ဒါမြန်မာကွလို့တောင်အော်လိုက်သေးတယ်။ ဟဲဟဲ။

ဘုရားဝန်းထဲက ထွက်တော့ တော်တော်တောင် မိုးချုပ်နေပြီ။ ဒါနဲ့ ကျောင်းပြန်ပြီး ခဏနား ၉နာရီခွဲလောက်ကျတော့ ဘူတာဆင်းပြီး ၂နာရီထိ ဒေလီပြန်မယ့်ရထားကို စောင့်ရပါတယ်။ ၂နာရီ ရထားကို ၉နာရီ ဘူတာဆင်းရတာကတော့ ဒမြတိုက်မှာ စိုးလို့ပါ။ ဂါယာရှိတဲ့ ဘီဟာက ဒမြအလွန်တိုက်ဆိုတာကြောင့်ပါ။ အိပ်ပျော်မသွားအောင်လို့ ကမ္ဘာအတင်း သတင်းအစုံအလင်မှာ လုပ်ပြီး ပူရီ-နယူးဒေလီ အိတ်ဇ်ပရက်စ်ကို စောင့်ကြပါတယ်။ အိန္ဒိယရထားတွေက ရထားထွက်ချိန်မှန်ပြီး ရထားဝင်ချိန်မတိကျတဲ့ ရထားတွေဆိုတော့ ဒေလီကို ည၇နာရီမှာ ဆိုက်ပါတယ်။ တကယ်ဆို ၅ခွဲဆိုက်ရမှာပါ။ ဂါယာအသွားတုန်းကလဲ မနက် ၉နာရီဆိုက်ရမှာကို ညနေ ၃နာရီမှဆိုက်လို့ ကောင်းကောင်း ဒုက္ခရောက်ပြီးပါပြီ။ တော်ပြီ ပိုက်ဆံရှိရင် နောက်တစ်ခါ လေယာဉ်ပျံကြီး နဲ့ပဲသွားတော့မယ်။

နောက်အပတ်သောကြာပြန်မှာမို့ ဒေလီမှာ ဈေးဝယ်ပြီး အိမ်ပြန်ရောက်တော့ ၉နာရီပါ။ မဟန်နိုင်ပဲ ရေချိုးပြီးအိပ်လိုက်တာ နောက်နေ့ မနက်ထိ တစ်ချိုးထဲပါပဲ။

သွားတုန်းကတော့ ဇောကပ်နေတာကြောင့် ဘာမှ မဖြစ်ပေမယ့် ခုဒီစာရေးနေတုန်း တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေပါတယ်။ :-(